အသက် ၁၃ နှစ် (သို့မဟုတ် သင့်နိုင်ငံတွင် သတ်မှတ်ထားသော အသက်အရွယ်) အောက် ကလေးများ၏ မိဘအတွက် Family Link ဆိုင်ရာ ရှင်းလင်းချက်

အသက် ၁၃ နှစ်အောက် (သို့မဟုတ် သင့်နိုင်ငံတွင် သတ်မှတ်ထားသော အသက်အရွယ်) ကလေးများအတွက် Family Link ဖြင့် စီမံထားသည့် Google Account နှင့် ပရိုဖိုင်များအတွက် ‘ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ သတိပေးချက်’ ကို ကြည့်ပါ

မိဘများကို ကြိုဆိုပါသည်။

သင့်ယုံကြည်မှုသည် ကျွန်ုပ်တို့အတွက် အရေးကြီးဆုံးဖြစ်ပြီး သင့်ကလေးအား Google Account ပိုင်ဆိုင်ခွင့်ပြုခြင်းသည် ကြီးမားသော ဆုံးဖြတ်ချက်တစ်ခု ဖြစ်သည်။ ပိုမိုသိရှိရန် ဤအရေးပါသော အချက်အလက်များကို အချိန်အနည်းငယ်ပေး၍ ကြည့်ပါ။

သင့်ကလေး၏ Google Account

သင့်ကလေး၏ Google Account သည် သင်၏ကိုယ်ပိုင်အကောင့်ကဲ့သို့ပင် ကလေးများအတွက် ပြင်ဆင်ထားခြင်း (သို့) စီမံထားခြင်း မရှိသေးသည့် ဝန်ဆောင်မှုများ အပါအဝင် Google ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို သုံးနိုင်ပါမည်။ သင့်ကလေးသည် သူ၏အကောင့်ဖြင့် အောက်ပါတို့ကို လုပ်ဆောင်နိုင်ပါမည်-

  • Google Assistant၊ Chrome နှင့် Search ကိုသုံး၍ မေးခွန်းများ မေးခြင်း၊ အင်တာနက်သုံးခြင်းနှင့် ရှာဖွေခြင်း၊

  • Gmail၊ SMS၊ ဗီဒီယို၊ အသံနှင့် အခြားဆက်သွယ်ရေး နည်းလမ်းများသုံး၍ အခြားသူများနှင့် ဆက်သွယ်ခြင်း၊

  • အက်ပ်၊ ဂိမ်း၊ သီချင်း၊ ရုပ်ရှင် စသည်တို့ကို ဒေါင်းလုဒ်လုပ်ခြင်း၊ ဝယ်ယူခြင်းနှင့် အသုံးပြုခြင်း၊

  • ဓာတ်ပုံ၊ ဗီဒီယို၊ တင်ပြမှု၊ မှတ်တမ်းနှင့် အခြားအကြောင်းအရာများကို ပြုလုပ်ခြင်း၊ ကြည့်ရှုခြင်းနှင့် မျှဝေခြင်း၊

  • (သင့်ကလေး၏ စက်ပစ္စည်းပေါ်တွင် မူတည်၍) Google Fit ရှိ လှုပ်ရှားမှုအဆင့်နှင့် နှလုံးခုန်နှုန်း အပါအဝင် ကျန်းမာရေးနှင့် ကြံ့ခိုင်ရေး အချက်အလက်များကို ခြေရာခံခြင်း၊

  • Google ၏ ဝန်ဆောင်မှုများကို အသုံးပြုစဉ် အကြောင်းအရာနှင့် သက်ဆိုင်သည့် ကြော်ငြာများကို ကြည့်ခြင်း။

Family Link နှင့် မိဘအုပ်ထိန်းမှု

သင့်ကလေးက အွန်လိုင်းစူးစမ်းလေ့လာရာတွင် အခြေခံစည်းမျဉ်းများ ချမှတ်ခြင်းနှင့် သင့်ကလေး၏ အသုံးပြုမှုကို လမ်းညွှန်ခြင်းပြုလုပ်ရာတွင် သင့်အား အထောက်အကူပြုရန် Google ၏ Family Link အက်ပ်ကို ရည်ရွယ်ပြုလုပ်ထားသည်။ သင်၏ကလေးသည် သင့် Google မိသားစုအဖွဲ့ တွင် ပါဝင်လာမည်ဖြစ်ပြီး သူနှင့် အခြားမိသားစုဝင်လေးယောက်အထိအား Google ဝန်ဆောင်မှုများ မျှဝေရာတွင် ၎င်းကိုသုံးနိုင်သည်။ သင့်ကလေး၏အကောင့်ကို ကူညီကြီးကြပ်ပေးရန် နောက်ပိုင်းတွင် အခြားမိဘတစ်ဦးကို သင်ထည့်နိုင်ပါမည်။ မိဘများသည် Family Link ဖြင့် အောက်ပါတို့ကို လုပ်ဆောင်နိုင်သည်-

  • သင့်ကလေး၏ Android (သို့) ChromeOS စက်ပစ္စည်းများတွင် အသုံးပြုချိန်ကန့်သတ်ခြင်း၊

  • သင့်ကလေး အကောင့်ဝင်ရောက်ထားပြီး အသုံးပြုနေသော Android စက်ပစ္စည်းများ၏ တည်နေရာကိုကြည့်ခြင်း၊

  • Google Play နှင့် Stadia ရှိ သင့်ကလေး၏ ဒေါင်းလုဒ်နှင့် ဝယ်ယူမှုများကို အတည်ပြုခြင်း (သို့) အသက်အရွယ် အဆင့်သတ်မှတ်ချက်များပေါ် အခြေခံသော အကြောင်းအရာများမြင်နိုင်မှုကို ကန့်သတ်ခြင်း၊

  • သင့်ကလေး၏ Google Account တွင် သိမ်းနိုင်သည့် လုပ်ဆောင်ချက်အမျိုးအစားများနှင့် သူ၏အသုံးပြုမှုကို ပုဂ္ဂိုလ်ရေးသီးသန့်ပြုလုပ်ရန် ၎င်းအားမည်သို့သုံးနိုင်ပုံကို ကူညီရွေးချယ်ပေးခြင်း၊

  • Google Search အတွက် SafeSearch ကဲ့သို့သော ဆက်တင်များကို စီမံခန့်ခွဲခြင်း၊

  • မိုက်ခရိုဖုန်း၊ ကင်မရာနှင့် အဆက်အသွယ်များ သုံးခွင့်ကဲ့သို့သော Android နှင့် ChromeOS ရှိ သင့်ကလေး၏ အက်ပ်ခွင့်ပြုချက်များကို ပြန်စိစစ်ခြင်း၊

  • YouTube နှင့် YouTube Kids အပါအဝင် YouTube အသုံးပြုမှုများအတွက် (သက်ဆိုင်ပါက) အကြောင်းအရာ၊ သုံးခွင့်နှင့် အခြားဆက်တင်များကို ပြောင်းခြင်း။

Family Link ၏ မိဘအထိန်းအချုပ်များသည် သင့်ကလေး၏အသုံးပြုမှုကို ကြီးကြပ်စီမံရာတွင် အထောက်အကူပြုသော်လည်း အကန့်အသတ်များ ရှိသည်ကို သတိပြုပါ-

  • Family Link ၏ မိဘအထိန်းအချုပ်အများအပြားကို ဝဘ်ပေါ်တွင် စီမံနိုင်သော်လည်း အသုံးပြုချိန်ကန့်သတ်ချက်များကဲ့သို့ အချို့သောဝန်ဆောင်မှုများ စီမံရန် Android (သို့) iOS တွင် Family Link အက်ပ် လိုအပ်ပါမည်။

  • SafeSearch၊ Chrome ဝဘ်ဆိုက်ကန့်သတ်ချက်များ နှင့် Play Store စစ်ထုတ်မှုများကဲ့သို့သော ဆက်တင်များသည် မသင့်လျော်သော အကြောင်းအရာများအား သုံးခွင့် ကန့်သတ်ပေးနိုင်သော်လည်း ၎င်းဆက်တင်များသည် မပြည့်စုံပါ။ ဤသတ်မှတ်ချက်များ ဖွင့်ထားစေကာမူ သင့်ကလေးအား မမြင်စေလိုသော အကြောင်းအရာများကို သူက ဝင်ကြည့်နိုင်ပါသေးသည်။

  • ယခင်အတည်ပြုထားသည့် အက်ပ် (သို့) အခြားအကြောင်းအရာကို သင့်ကလေးက ပြန်လည်ဒေါင်းလုဒ်လုပ်ခြင်း၊ (အကြောင်းအရာ ထည့်သွင်းသော သို့မဟုတ် နောက်ထပ်ဒေတာ၊ ခွင့်ပြုချက်များ တောင်းခံသော အပ်ဒိတ်ဖြစ်လျှင်ပင်) အက်ပ်သို့ အပ်ဒိတ်ထည့်သွင်းခြင်း (သို့) ‘Google Play မိသားစုဒစ်ဂျစ်တိုက်’ မှ မျှဝေထားသောအကြောင်းအရာကို ဒေါင်းလုဒ်လုပ်ခြင်းတို့အတွက် မိဘခွင့်ပြုချက်မလိုအပ်ပါ။

  • Family Link ဝန်ဆောင်မှုအချို့ကို ကန့်သတ်ချက်ဖြင့်သာ ရရှိနိုင်ပြီး ၎င်းတို့အလုပ်လုပ်ရန် သတ်မှတ်ဆက်တင်နှင့် အခြေအနေများ လိုအပ်သည်။ ဥပမာအားဖြင့် သင့်ကလေးက တွဲသုံးနိုင်သည့် Android (သို့) ChromeOS စက်ပစ္စည်းသို့ လက်မှတ်ထိုးဝင်ထားမှသာ အက်ပ်များကို ပိတ်ထားနိုင်သည်၊ သင့်ကလေး၏ Android စက်ပစ္စည်းကို ဖွင့်ထားပြီး အင်တာနက်သို့ ချိတ်ဆက်ထားမှသာ Family Link အက်ပ်တွင် သူ၏စက်ပစ္စည်းတည်နေရာကို ကြည့်နိုင်သည်။

သင့်ကလေး ၁၃ နှစ်ပြည့်သောအခါ (နိုင်ငံအလိုက် အသက်ကွဲပြားနိုင်သည်) သင်၏ကြီးကြပ်မှုမပါဘဲ သူ၏အကောင့်ကို ကိုယ်တိုင်စီမံရန် ရွေးချယ်နိုင်သည်။

အခြားသူများကို လေးစားခြင်း

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုအများအပြားက သင့်ကလေးကို ကျွန်ုပ်တို့၏ဝန်ဆောင်မှုများသုံးသော အခြားလူများနှင့် ပြန်လှန်ဆက်သွယ်ခွင့်ပြုသည်။ ကျွန်ုပ်တို့သည် လူတိုင်းအတွက် သင့်လျော်ကောင်းမွန်သည့် ဝန်းကျင်တစ်ခုကို ထိန်းသိမ်းထားလိုသည်။ ကျွန်ုပ်တို့၏ဝန်ဆောင်မှုများကို သုံးချိန်တွင် သင့်ကလေးသည် အနိုင်ကျင့်စော်ကားခြင်း (သို့) သူကိုယ်တိုင် (သို့) အခြားသူများအား ထိခိုက်စေခြင်း (သို့မဟုတ် ခြိမ်းခြောက်ခြင်း (သို့) ထိုကဲ့သို့ အနိုင်ကျင့်ခြင်း (သို့) ထိခိုက်စေခြင်းကို အားပေးခြင်း) တို့မပြုလုပ်ခြင်းကဲ့သို့ အခြေခံကျင့်ဝတ်များကို လိုက်နာရမည်ဟု ဆိုလိုသည် - ဥပမာ အခြားသူများကို အထင်အမြင်မှားစေခြင်း၊ လိမ်လည်ခြင်း၊ အသရေဖျက်ခြင်း၊ အနိုင်ကျင့်ခြင်း၊ အနှောင့်အယှက်ပေးခြင်း၊ ကြောက်ရွံ့လာစေခြင်းဖြင့် (သို့) အမုန်းပွားစေသောအကြောင်းအရာ (လူပုဂ္ဂိုလ်၏ ဇာတိ၊ လူမျိုး၊ ဘာသာရေး၊ လိင်၊ လိင်စိတ်တိမ်းညွတ်မှု စသည်တို့အတွက်ကြောင့် အမုန်းတရား (သို့) ခွဲခြားဆက်ဆံခြင်းဖြစ်ပေါ်စေရန် လှုံ့ဆော်သည့်အကြောင်းအရာကဲ့သို့) ကို လူသိရှင်ကြားဖြန့်ဝေခြင်းများ မပြုလုပ်ရပါ။ အမုန်းပွားစေသောအကြောင်းအရာကို ထုတ်လွှင့်ခြင်းကြောင့် သင်နှင့် သင့်ကလေးသည် တရားမမှု (သို့) ရာဇဝတ်မှုဆိုင်ရာတာဝန်ခံရမှု ရှိနိုင်သည်။

သင့်ကလေး၏ ကိုယ်ရေးအချက်အလက်လုံခြုံမှု

ကလေးသည် သူ့ကိုယ်ပိုင် Google Account (သို့) ပရိုဖိုင်ဖွင့်ရန်အတွက် ဤ ‘ကိုယ်ရေးအချက်အလက်လုံခြုံမှု သတိပေးချက်’ နှင့် Google ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ မူဝါဒ တွင် ဖော်ပြထားသည့်အတိုင်း သူ၏အချက်အလက်များအား စုဆောင်းရန်၊ သုံးရန် (သို့) ဖော်ပြရန် သင့်ခွင့်ပြုချက် လိုအပ်နိုင်သည်။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများသုံးရန် သင့်ကလေးကို ခွင့်ပြုပါက သင်နှင့် သင့်ကလေးသည် သင်တို့၏အချက်အလက်များနှင့် ပတ်သက်ပြီး ကျွန်ုပ်တို့ကို ယုံကြည်ခြင်းဖြစ်သည်။ ၎င်းသည် ကြီးမားသောတာဝန်တစ်ခု ဖြစ်ကြောင်း ကျွန်ုပ်တို့နားလည်သည့်အတွက် သင်တို့၏ အချက်အလက်များကို ကာကွယ်ရန်နှင့် သင်ကထိန်းချုပ်ခွင့်ရှိရန် အထူး ကြိုးပမ်းဆောင်ရွက်နေပါသည်။ Google ဝန်ဆောင်မှုအချို့ကို လင့်ခ်ချိတ်ထားသည့် ‘ဝဘ်နှင့်အက်ပ်လုပ်ဆောင်ချက်’ နှင့် ‘YouTube မှတ်တမ်း’ ကဲ့သို့ အရာများအတွက်နှင့် သုံးနိုင်သောဒေသများတွင် သင့်ကလေး၏ လုပ်ဆောင်ချက် ထိန်းချုပ်မှုများအား သူကစီမံနိုင်ခြင်း ရှိ၊ မရှိကို သင်ရွေးချယ်နိုင်သည်

၁၃ နှစ်အောက် ကလေးများ (သို့မဟုတ် သင့်နိုင်ငံတွင် သတ်မှတ်ထားသောအသက်) အတွက် Family Link ဖြင့် စီမံထားသည့် Google Account နှင့် ပရိုဖိုင်များအတွက် ‘ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ သတိပေးချက်’ နှင့် Google ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ မူဝါဒ တွင် Google ၏ ကိုယ်ရေးအချက်အလက်လုံခြုံမှုနှင့်ပတ်သက်သော ဆောင်ရွက်ချက်များကို ရှင်းပြပါသည်။ သင့်ကလေး၏အကောင့် (သို့) ပရိုဖိုင်တွင် ပုဂ္ဂိုလ်ရေးသီးသန့် ကြော်ငြာခြင်းအတွက် ကန့်သတ်ချက်များကဲ့သို့သော ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ သီးသန့်ဆောင်ရွက်ချက်များ ရှိပါက ၎င်းကွဲလွဲချက်များကို ဤ ‘ကိုယ်ရေးအချက်အလက်လုံခြုံမှု သတိပေးချက်’ တွင် အနှစ်ချုပ်ဖော်ပြထားသည်။

ဤ ‘ကိုယ်ရေးအချက်အလက်လုံခြုံမှု သတိပေးချက်’ သည် သင့်ကလေးအသုံးပြုနိုင်သော ပြင်ပကုမ္ပဏီ (Google မဟုတ်သော) အက်ပ်များ၊ လုပ်ဆောင်ချက်များ (သို့) ဝဘ်ဆိုက်များ၏ ဆောင်ရွက်ချက်များနှင့် မသက်ဆိုင်ပါ။ ပြင်ပကုမ္ပဏီအက်ပ်များ၊ လုပ်ဆောင်ချက်များနှင့် ဝဘ်ဆိုက်များ၏ ဒေတာစုဆောင်းမှုနှင့် အသုံးပြုမှုဆောင်ရွက်ချက်များ အပါအဝင် ၎င်းတို့က သင့်ကလေးအတွက် သင့်လျော်မှုရှိ၊ မရှိ သိနိုင်ရန်အတွက် သက်ဆိုင်သောစည်းမျဉ်းများနှင့် မူဝါဒများကို ပြန်စိစစ်ရပါမည်။

ကျွန်ုပ်တို့ စုဆောင်းသော အချက်အလက်

သင်သည် သင့်ကလေးအား Google Account (သို့) ပရိုဖိုင်ကို ပိုင်ဆိုင်ခွင့်ပေးလိုက်ပါက ယေဘုယျအားဖြင့် သူ၏အကောင့် (သို့) ပရိုဖိုင်ကို သင့်အကောင့်ကဲ့သို့ပင် တန်းတူသတ်မှတ်၍ အချက်အလက်များ စုဆောင်းပါမည်။ ဥပမာ ကျွန်ုပ်တို့ စုဆောင်းသောအရာများမှာ-

သင်နှင့် သင့်ကလေး ပြုလုပ်သည့် (သို့) ကျွန်ုပ်တို့အား ပေးသည့် အချက်အလက်များ။

အကောင့် (သို့) ပရိုဖိုင်ပြုလုပ်ခြင်း လုပ်ငန်းစဉ်၏ အစိတ်အပိုင်းအဖြစ် ပထမနှင့် နောက်အမည်၊ အီးမေးလ်လိပ်စာ နှင့် မွေးရက်ကဲ့သို့သော ကိုယ်ရေး အချက်အလက်များကို ကျွန်ုပ်တို့ မေးမြန်းပါသည်။ ခွင့်ပြုချက်တောင်းရန်အတွက် သင့်အားဆက်သွယ်ရန် လိုအပ်သည့် အွန်လိုင်း အဆက်အသွယ် အသေးစိတ်ကဲ့သို့ သင် (သို့) သင့်ကလေးက ပေးသည့် အချက်အလက်များကို ကျွန်ုပ်တို့စုဆောင်းပါသည်။ သင့်ကလေးက အကောင့် (သို့) ပရိုဖိုင် အသုံးပြုချိန်တွင် ပြုလုပ်သော၊ အပ်လုဒ်လုပ်သော (သို့) အခြားသူများထံမှ လက်ခံရယူသော အချက်အလက်များ (ဥပမာ Google Photos တွင် ဓာတ်ပုံသိမ်းခြင်း (သို့) Google Drive တွင် မှတ်တမ်းပြုလုပ်ခြင်း) ကိုလည်း ကျွန်ုပ်တို့စုဆောင်းပါသည်။

သင့်ကလေးက ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးပြုရာမှ ကျွန်ုပ်တို့ရရှိထားသည့် အချက်အလက်များ။

Google Search တွင် မေးခွန်း မေးခြင်း၊ Google Assistant သို့ စကားပြောခြင်း (သို့) YouTube Kids တွင် ဗီဒီယိုကြည့်ခြင်းကဲ့သို့သော သင့်ကလေး အသုံးပြုသည့် ဝန်ဆောင်မှုများနှင့် ၎င်းတို့ကို အသုံးပြုပုံအကြောင်း အချက်အလက်အချို့ကို ကျွန်ုပ်တို့က အလိုအလျောက် စုဆောင်းသိမ်းဆည်းပါသည်။ ၎င်းအချက်အလက်တွင် ပါဝင်သည်များမှာ-

  • သင့်ကလေး၏ အက်ပ်၊ ဘရောင်ဇာနှင့် စက်ပစ္စည်းများ

    သီးသန့် ခွဲခြားသည့်စနစ်များ၊ ဘရောင်ဇာအမျိုးအစားနှင့် ဆက်တင်များ၊ စက်ပစ္စည်းအမျိုးအစားနှင့် ဆက်တင်များ၊ လည်ပတ်သည့်စနစ်၊ မိုဘိုင်းဖုန်းကုမ္ပဏီအမည်နှင့် ဖုန်းနံပါတ်၊ အပလီကေးရှင်း ဗားရှင်းနံပါတ်စသည့် မိုဘိုင်းကွန်ရက် အချက်အလက်များပါဝင်သော Google ဝန်ဆောင်မှုများကို ဝင်သုံးရန်အတွက် သင့်ကလေး အသုံးပြုထားသော အက်ပ်၊ ဘရောင်ဇာနှင့် စက်ပစ္စည်းများဆိုင်ရာ အချက်အလက်များကို စုဆောင်းပါသည်။ IP လိပ်စာ၊ ပျက်စီးမှု အစီရင်ခံစာ၊ စနစ်လုပ်ဆောင်ချက်၊ သင့်ကလေး တောင်းဆိုချက်၏ ရက်စွဲ၊ အချိန်၊ ကိုယ်စားပြု URL အပါအဝင် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများနှင့် သင့်ကလေး၏ အက်ပ်၊ ဘရောင်ဇာ၊ စက်ပစ္စည်းများအကြား ပြန်လှန်တုံ့ပြန်မှုဆိုင်ရာ အချက်အလက်များကိုလည်း စုဆောင်းပါသည်။ ဥပမာ သင့်ကလေးက Play Store မှ အက်ပ်ထည့်သွင်းခြင်းကဲ့သို့ သူ၏ စက်ပစ္စည်းရှိ Google ဝန်ဆောင်မှုက ကျွန်ုပ်တို့ဆာဗာများကို ဆက်သွယ်သည့်အခါ ၎င်းအချက်အလက်များအား ကျွန်ုပ်တို့ စုဆောင်းပါသည်။

  • သင့်ကလေး၏ လုပ်ဆောင်ချက်

    Google Play တွင် သင့်ကလေးနှစ်သက်နိုင်သော အက်ပ်များကို အကြံပြုခြင်းကဲ့သို့သော လုပ်ဆောင်ချက်များအတွက် အသုံးပြုရန် သင့်ကလေး၏ ဆက်တင်များအပေါ်မူတည်ပြီး ကျွန်ုပ်တို့၏ဝန်ဆောင်မှုများရှိ သူ၏လုပ်ဆောင်ချက်နှင့် ပတ်သက်သည့် အချက်အလက်ကို စုဆောင်းပါသည်။ သင့်ကလေး၏ လုပ်ဆောင်ချက် ထိန်းချုပ်မှုများအား သူကစီမံနိုင်ခြင်း ရှိ၊ မရှိကို သင်ရွေးချယ်နိုင်သည်။ ကျွန်ုပ်တို့ စုဆောင်းသော သင့်ကလေး၏ လုပ်ဆောင်ချက်အချက်အလက်များတွင် ရှာဖွေစာလုံး၊ သူကြည့်သော ဗီဒီယိုများ၊ အသံဝန်ဆောင်မှုသုံးလျှင် ရရှိသော စကားသံနှင့် အသံအချက်အလက်၊ သူဆက်သွယ်သော (သို့) အကြောင်းအရာ မျှဝေသော ပုဂ္ဂိုလ်များအပြင် သူ၏ Google Account နှင့် စင့်ခ်လုပ်သော Chrome ကြည့်ရှုမှုမှတ်တမ်းတို့ ပါဝင်သည်။ Google Meet (သို့) Duo ကဲ့သို့ ကျွန်ုပ်တို့ဝန်ဆောင်မှုများ သုံး၍ သင့်ကလေးက ဖုန်းခေါ်ဆို၊ လက်ခံခြင်း (သို့) မက်ဆေ့ဂျ်များ ပို့ခြင်းနှင့် လက်ခံခြင်းတို့ ပြုလုပ်ပါက ဖုန်းဝန်ဆောင်မှုဆိုင်ရာ မှတ်တမ်းအချက်အလက်များကို ကျွန်ုပ်တို့ စုဆောင်းနိုင်သည်။ သင့်ကလေးက သူ၏အကောင့် (သို့) ပရိုဖိုင်၌ သိမ်းထားသည့် လုပ်ဆောင်ချက်အချက်အလက်များကို ရှာဖွေ၊ စီမံရန် သူ၏ Google Account သို့ ဝင်ကြည့်နိုင်ပြီး သင်ကလည်း သင့်ကလေး၏ Google Account ကို လက်မှတ်ထိုးဝင်၍ဖြစ်စေ၊ Family Link တွင် သူ၏ပရိုဖိုင်ကို သုံး၍ဖြစ်စေ သူ၏ လုပ်ဆောင်ချက်အချက်အလက်များကို ကူညီစီမံနိုင်သည်။

  • သင့်ကလေး၏ တည်နေရာ အချက်အလက်

    ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို သင့်ကလေးက အသုံးပြုလျှင် သူ၏တည်နေရာအကြောင်း အချက်အလက်များကို စုဆောင်းပါသည်။ သင့်ကလေး၏ စက်ပစ္စည်းအနီးရှိ Wi-Fi ချိတ်ဆက်ရန်နေရာ၊ မိုဘိုင်းတာဝါတိုင်နှင့် ဘလူးတုသ် ဖွင့်ထားသည့် စက်ပစ္စည်းများကဲ့သို့ အချက်အလက်များနှင့် သူ၏ စက်ပစ္စည်းမှ GPS၊ IP လိပ်စာနှင့် အာရုံခံစနစ် ဒေတာကို အသုံးပြုခြင်းဖြင့် သင့်ကလေး၏ တည်နေရာကို သိရှိနိုင်ပါသည်။ ကျွန်ုပ်တို့ စုဆောင်းသည့် တည်နေရာဒေတာအမျိုးအစားများသည် သင်၏ ဆက်တင်များနှင့် သင့်ကလေး၏ စက်ပစ္စည်းပေါ် မူတည်သည်။

  • သင့်ကလေး၏ စကားသံနှင့် အသံအချက်အလက်

    သင့်ကလေး၏ စကားသံနှင့် အသံအချက်အလက်ကို ကျွန်ုပ်တို့ စုဆောင်းနိုင်သည်။ ဥပမာအားဖြင့် သင့်ကလေးက စတင်ရန် အသံကွန်မန်းများ (ဥပမာ - “OK, Google” (သို့) မိုက်ခရိုဖုန်းသင်္ကေတကို ထိခြင်း) ကို သုံးပါက သူပြောဆိုသည့် စကားသံ/အသံ၏ မှတ်တမ်းကို သူ၏တောင်းဆိုချက်အား တုံ့ပြန်ရန် လုပ်ဆောင်ပါမည်။ ထို့ပြင် ‘ဝဘ်နှင့်အက်ပ်လုပ်ဆောင်ချက်’ ဆက်တင်အောက်၌ သင့်ကလေး၏ ‘စကားသံနှင့်အသံလုပ်ဆောင်ချက်’ ကို ရွေးထားပါက လက်မှတ်ထိုးဝင်ထားသည့် စက်ရှိ Assistant နှင့် စကားသံပြန်လှန်တုံ့ပြန်မှု မှတ်တမ်း (စက္ကန့်အနည်းငယ်မတိုင်မီကစပြီး) ကို သူ၏အကောင့်တွင် သိမ်းပါမည်။

သင့်ကလေး၏ အချက်အလက်များကို စုဆောင်းသိမ်းဆည်းရန်အတွက် ကွတ်ကီး၊ ပစ်ဆယ်တဂ်နှင့် (ဘရောင်ဇာ ဝဘ်သိုလှောင်ခန်း (သို့) အပလီကေးရှင်း ဒေတာကက်ရှ်၊ ဒေတာဘေ့စ်နှင့် ဆာဗာမှတ်တမ်းများကဲ့သို့) စက်တွင်းသိုလှောင်ခန်းအပါအဝင် အမျိုးမျိုးသော နည်းပညာများကို အသုံးပြုပါသည်။ ဤအကောင့် (သို့) ပရိုဖိုင်များအတွက် ရရှိနိုင်သော Google ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ အသုံးပြုရန် သင့်ကလေးသည် ကိုယ်ရေး အချက်အလက်များကို လိုအပ်သည်ထက် ပိုမိုဖော်ပြရန် မလိုပါ။

စုဆောင်းသည့် အချက်အလက်များကို ကျွန်ုပ်တို့အသုံးပြုပုံ

သင့်ကလေး၏ Google Account (သို့) ပရိုဖိုင်နှင့် ဆက်စပ်ပြီး Google စုဆောင်းသော ဒေတာအား ကျွန်ုပ်တို့အသုံးပြုနိုင်ပုံကို Google ၏ ‘ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ မူဝါဒ’ တွင် အသေးစိတ်ပိုရှင်းပြထားသည်။ ယေဘုယျအားဖြင့် ကျွန်ုပ်တို့၏ဝန်ဆောင်မှုများကို ပံ့ပိုးရန်၊ ထိန်းသိမ်းရန်နှင့် မွမ်းမံရန်၊ ဝန်ဆောင်မှုအသစ်များ ချဲ့ထွင်ရန်၊ သင့်ကလေးအတွက် ကျွန်ုပ်တို့၏ဝန်ဆောင်မှုများကို စိတ်ကြိုက်ပြုလုပ်ရန်၊ စွမ်းဆောင်ရည်တိုင်းတာရန်၊ ကျွန်ုပ်တို့၏ဝန်ဆောင်မှုများအား အသုံးပြုထားပုံကို နားလည်ရန်၊ ကျွန်ုပ်တို့၏ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး သင့်ကလေးနှင့် တိုက်ရိုက်ဆက်သွယ်ရန်နှင့် ကျွန်ုပ်တို့ဝန်ဆောင်မှုများ၏ ဘေးကင်းမှု၊ ယုံကြည်စိတ်ချရမှုတို့ ပိုကောင်းအောင်လုပ်ရာတွင် အထောက်အကူပြုရန်အတွက် သင့်ကလေး၏အချက်အလက်များကို အသုံးပြုသည်။

ဤရည်ရွယ်ချက်များအတွက် သင့်ကလေး၏အချက်အလက်များကို စီမံဆောင်ရွက်ရာတွင် ကျွန်ုပ်တို့သည် နည်းပညာအမျိုးမျိုးကို အသုံးပြုသည်။ စိတ်ကြိုက်စီစဉ်ထားသော ရှာဖွေမှုရလဒ် (သို့) ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများအား အသုံးပြုပုံပေါ်မူတည်၍ ရွေးချယ်စီစဉ်ထားသော အခြားဝန်ဆောင်မှုကဲ့သို့ အရာများဖြင့် ပံ့ပိုးရန်အတွက် သင့်ကလေး၏အကြောင်းအရာကို ပိုင်းခြားစိစစ်ပေးသော အလိုအလျောက်စနစ်များကို အသုံးပြုသည်။ စပမ်း၊ မဲလ်ဝဲနှင့် တရားမဝင် အကြောင်းအရာကဲ့သို့ အလွဲသုံးစားပြုမှုများ တွေ့ရှိနိုင်ရန်လည်း သင့်ကလေး၏အကြောင်းအရာကို ကျွန်ုပ်တို့က ပိုင်းခြားစိစစ်သည်။ ဒေတာပုံစံများကို နားလည်နိုင်ရန် အဖြေရှာစနစ်များကိုလည်း အသုံးပြုသည်။ ကျွန်ုပ်တို့၏မူဝါဒများကို ချိုးဖောက်သော စပမ်း၊ မဲလ်ဝဲ၊ တရားမဝင် အကြောင်းအရာနှင့် အခြားအလွဲသုံးစားပြုမှုများကို ကျွန်ုပ်တို့၏စနစ်တွင် တွေ့ရှိပါက သူ၏အကောင့် (သို့) ပရိုဖိုင်ကို ပိတ်ပါမည် (သို့) သင့်လျော်သလို အရေးယူဆောင်ရွက်သွားပါမည်။ အချို့ကိစ္စရပ်များတွင် ယင်းချိုးဖောက်မှုကို သက်ဆိုင်ရာ အာဏာပိုင်များထံ တိုင်ကြားသွားပါမည်။

သင့်ကလေး၏ ဆက်တင်များပေါ် မူတည်ပြီး အကြံပြုချက်၊ ပုဂ္ဂိုလ်ရေးသီးသန့်ပြုလုပ်ထားသော အကြောင်းအရာနှင့် စိတ်ကြိုက်ပြင်ဆင်ထားသော ရှာဖွေမှုရလဒ်များ ပံ့ပိုးရန် သင့်ကလေး၏ အချက်အလက်များကို အသုံးပြုနိုင်သည်။ ဥပမာ သင့်ကလေး၏ ဆက်တင်များပေါ် မူတည်ပြီး သူနှစ်သက်နိုင်သော အက်ပ်အသစ်များ အကြံပြုရန်အတွက် Google Play သည် သင့်ကလေးထည့်သွင်းထားသော အက်ပ်များကဲ့သို့သော အချက်အလက်ကို အသုံးပြုနိုင်သည်။

ထို့အပြင် အထက်တွင်ဖော်ပြထားသောကိစ္စရပ်များ လုပ်ဆောင်ရန်အတွက် သင့်ကလေး၏ ဆက်တင်များအပေါ်မူတည်ပြီး ကျွန်ုတို့၏ဝန်ဆောင်မှုများနှင့် သင့်ကလေး၏ စက်ပစ္စည်းများရှိ အချက်အလက်များကို ကျွန်ုပ်တို့ ပေါင်းစည်းနိုင်ပါသည်။ သင့်ကလေး၏အကောင့် (သို့) ပရိုဖိုင် ဆက်တင်များပေါ် မူတည်ပြီး Google ၏ ဝန်ဆောင်မှုများ ပိုကောင်းမွန်စေရန်အတွက် အခြားဝဘ်ဆိုက်နှင့် အက်ပ်များရှိ သူ၏လုပ်ဆောင်ချက်ကို ကိုယ်ရေးအချက်အလက်များနှင့် ဆက်နွှယ်ထားနိုင်သည်။

Google သည် သင့်ကလေးအား ပုဂ္ဂိုလ်ရေးသီးသန့်ကြော်ငြာများ ပြမည်မဟုတ်ပါ။ ဆိုလိုသည်မှာ ကြော်ငြာများကို သင့်ကလေး၏အကောင့် (သို့) ပရိုဖိုင်မှ အချက်အလက်များပေါ် အခြေမခံပါ။ ယင်းအစား ကြော်ငြာများသည် သင့်ကလေးကြည့်သည့် ဝဘ်ဆိုက် (သို့) အက်ပ်၏ အကြောင်းအရာ၊ လက်ရှိရှာဖွေမည့်အရာ (သို့) ယေဘုယျတည်နေရာ (မြို့ (သို့) ပြည်နယ်စသည်) ကဲ့သို့သော အချက်အလက်များအပေါ် အခြေခံထားနိုင်သည်။ ဝဘ်ကြည့်ရှုနေစဉ် (သို့) Google မဟုတ်သောအက်ပ်များ အသုံးပြုနေစဉ် သင့်ကလေးသည် ပြင်ပကုမ္ပဏီအက်ပ်များ၏ ပုဂ္ဂိုလ်ရေးသီးသန့်ကြော်ငြာများ အပါအဝင် အခြား (Google မဟုတ်သော) ကြော်ငြာသူများက ပြသသော ကြော်ငြာများကို တွေ့ရနိုင်သည်။

သင့်ကလေးမျှဝေနိုင်သော အချက်အလက်များ

သင့်ကလေးသည် သူ၏ Google အကောင့် (သို့) ပရိုဖိုင်ဖြင့် လက်မှတ်ထိုးဝင်ထားသောအခါ ဓာတ်ပုံ၊ ဗီဒီယို၊ အသံနှင့် တည်နေရာတို့ကဲ့သို့ အချက်အလက်များကို အခြားသူများနှင့် လူသိရှင်ကြားမျှဝေနိုင်မည်။ သင့်ကလေးက အချက်အလက်များကို လူသိရှင်ကြားမျှဝေလျှင် Google Search ကဲ့သို့ ရှာဖွေရေး အင်ဂျင်များမှတစ်ဆင့် အများက တွေ့ရှိနိုင်သည်။

Google က မျှဝေသည့် အချက်အလက်များ

ကျွန်ုပ်တို့စုဆောင်းသည့် အချက်အလက်များကို အချို့အခြေအနေများ၌ Google ပြင်ပတွင် မျှဝေနိုင်ပါသည်။ အောက်ပါကိစ္စများမှလွဲ၍ ကိုယ်ရေး အချက်အလက်များကို Google ပြင်ပရှိ ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် မမျှဝေပါ-

သဘောတူညီချက်ဖြင့်

ကျွန်ုပ်တို့သည် (သင့်လျော်သည့်အလျောက်) ကိုယ်ရေး အချက်အလက်များကို သဘောတူညီချက်ဖြင့် Google ပြင်ပတွင် မျှဝေသွားမည်။

သင့်မိသားစုအဖွဲ့နှင့်

အမည်၊ ဓာတ်ပုံ၊ အီးမေးလ်လိပ်စာနှင့် Play ဝယ်ယူမှုများ အပါအဝင် သင့်ကလေး၏အချက်အလက်များကို Google ရှိ သင်၏မိသားစုအဖွဲ့ဝင်များနှင့် မျှဝေနိုင်သည်။

ပြင်ပစီစဉ်ဆောင်ရွက်ခြင်းအတွက်

ကျွန်ုပ်တို့၏ လမ်းညွှန်ချက်များပေါ် အခြေခံပြီး ဤ ‘ကိုယ်ရေးအချက်အလက်လုံခြုံမှု သတိပေးချက်’၊ Google ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ မူဝါဒ၊ လျှို့ဝှက်မှုနှင့် လုံခြုံမှုဆိုင်ရာ အခြားသင့်လျော်သည့် ဆောင်ရွက်ချက်များနှင့်အညီ ကျွန်ုပ်တို့အတွက် စီစဉ်ဆောင်ရွက်ရန် ကျွန်ုပ်တို့၏အဖွဲ့ဝင် (သို့) အခြားယုံကြည်ရသော လုပ်ငန်းများ (သို့) လူပုဂ္ဂိုလ်များကို ကိုယ်ရေး အချက်အလက်များ ပေးပါသည်။

ဥပဒေဆိုင်ရာ အကြောင်းများအတွက်

အချက်အလက်များကို ကြည့်ရှုခြင်း၊ အသုံးပြုခြင်း၊ ထိန်းသိမ်းထားခြင်း (သို့) ဖော်ပြခြင်းသည် အောက်ပါတို့အတွက် ကျိုးကြောင်းသင့်စွာဖြင့် လိုအပ်ကြောင်း ကျွန်ုပ်တို့က စိတ်ရင်းကောင်းဖြင့် ယုံကြည်ပါက ကိုယ်ရေး အချက်အလက်များကို Google ပြင်ပတွင် မျှဝေသွားပါမည်-

  • သက်ဆိုင်သော ဥပဒေ၊ စည်းမျဉ်း၊ ဥပဒေလုပ်ငန်းစဉ် သို့မဟုတ် ပြဋ္ဌာန်းထားသော အစိုးရသတ်မှတ်ချက်မှန်သမျှကို လိုက်နာခြင်း၊

  • ဖြစ်နိုင်ခြေရှိသော ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးခြင်းအပါအဝင် သက်ဆိုင်ရာ ‘ဝန်ဆောင်မှုစည်းမျဉ်းများ’ လိုက်နာရန် ပြဋ္ဌာန်းခြင်း၊

  • လိမ်လည်မှု၊ လုံခြုံမှု (သို့) နည်းပညာပြဿနာများ ရှာဖွေခြင်း၊ တားဆီးခြင်း (သို့) ဖော်ပြခြင်း၊

  • လိုအပ်လျှင်သော်လည်းကောင်း (သို့) ဥပဒေက ခွင့်ပြုချက်များအရ သော်လည်းကောင်း ကျွန်ုပ်တို့၏အသုံးပြုသူ သို့မဟုတ် အများပြည်သူတို့အနေနှင့် Google ၏ အခွင့်အရေးများ၊ ပိုင်ဆိုင်မှု (သို့) လုံခြုံမှုတို့ မထိခိုက်စေရန် ကာကွယ်ပေးခြင်း။

(ကျွန်ုပ်တို့၏ဝန်ဆောင်မှုများကို ယေဘုယျအသုံးပြုသည့် အခြေအနေများကဲ့သို့) ပုဂ္ဂိုလ်ရေးအရ ခွဲခြားမသိရှိနိုင်သော အချက်အလက်များကိုလည်း ထုတ်ဝေသူ၊ ကြော်ငြာရှင်၊ ဆော့ဖ်ဝဲရေးသူ (သို့) မူပိုင်ခွင့်ရှိသူများကဲ့သို့သော ကျွန်ုပ်တို့၏ပါတနာများနှင့်လည်း လူသိရှင်ကြားမျှဝေနိုင်သည်။ ဥပမာအားဖြင့် ကျွန်ုပ်တို့၏ဝန်ဆောင်မှုများကို ယေဘုယျအသုံးပြုသည့် အခြေအနေများကိုလည်း အများပြည်သူနှင့် မျှဝေပါသည်။ သက်ဆိုင်ရာပါတနာများ၏ ကိုယ်ပိုင်ကွတ်ကီး (သို့) အလားတူနည်းပညာများ သုံး၍ ကြော်ငြာခြင်းနှင့် တိုင်းတာခြင်းများအတွက် ဘရောင်ဇာ (သို့) စက်ပစ္စည်းများမှ အချက်အလက်များကို စုဆောင်းရန်လည်း ၎င်းတို့ကို ခွင့်ပြုထားသည်။

သင့်ကလေး၏ကိုယ်ရေး အချက်အလက်များ သုံးခွင့်

သင့်ကလေးတွင် Google Account ရှိပါက သင်သည် သူ၏ Google Account သို့ လက်မှတ်ထိုးဝင်၍ ကလေး၏ အချက်အလက်များ စုဆောင်းရယူမှုကို ကြည့်ခြင်း၊ အပ်ဒိတ်လုပ်ခြင်း၊ ဖယ်ရှားခြင်း၊ ထုတ်ယူခြင်းနှင့် ကန့်သတ်ခြင်းတို့ လုပ်ဆောင်နိုင်သည်။ သင့်ကလေး၏စကားဝှက်ကို မမှတ်မိပါက Family Link အက်ပ် (သို့) ဝဘ်ပေါ်ရှိ Family Link ဆက်တင်များ တွင် ပြင်ဆင်သတ်မှတ်နိုင်သည်။ လက်မှတ်ထိုးဝင်ပြီးသောအခါ Google ကိုယ်ရေးအချက်အလက် လုံခြုံမှုဆိုင်ရာ မူဝါဒ တွင်ဖော်ပြထားသည့် Google လုပ်ဆောင်ချက် ထိန်းချုပ်မှုများ ကဲ့သို့ ထိန်းချုပ်မှုအမျိုးမျိုး သုံး၍ သင့်ကလေး၏ ကိုယ်ရေးအချက်အလက်လုံခြုံမှု ဆက်တင်များနှင့် အချက်အလက်များကို ကူညီစီမံနိုင်သည်။

သင့်ကလေးတွင် ပရိုဖိုင်ရှိပါက Family Link အက်ပ် (သို့) ဝဘ်ပေါ်ရှိ Family Link ဆက်တင်များ တွင် သင့်ကလေး၏အချက်အလက်များ စီမံဆောင်ရွက်မှုကို ဝင်ကြည့်ခြင်း၊ အပ်ဒိတ်လုပ်ခြင်း၊ ဖယ်ရှားခြင်း၊ ထုတ်ယူခြင်းနှင့် ကန့်သတ်ခြင်းတို့ လုပ်ဆောင်နိုင်သည်။

သင့်ကလေးသည် သူ၏ယခင်လုပ်ဆောင်ချက်ကို “ကျွန်ုပ်၏လုပ်ဆောင်ချက်” တွင် ဖျက်နိုင်ပြီး မူရင်းသတ်မှတ်ချက်အရ (စက်ပစ္စည်းတည်နေရာ၊ မိုက်ခရိုဖုန်း (သို့) အဆက်အသွယ်များကဲ့သို့ အရာများအပါအဝင်) အက်ပ်ခွင့်ပြုချက်များကို ပြင်ပအဖွဲ့အစည်းများသို့ ပေးနိုင်သည်။ သင်သည် သင့်ကလေး၏ Google Account (သို့) ပရိုဖိုင် အချက်အလက်ကို တည်းဖြတ်ရန် (သို့) ပြင်ဆင်ရန်၊ အက်ပ်အသုံးပြုမှုနှင့် အက်ပ်ခွင့်ပြုချက်များကို စိစစ်ရန်၊ သင့်ကလေးက အက်ပ် (သို့) ပြင်ပဝန်ဆောင်မှုများအား သူ၏အချက်အလက်များ သုံးရန် ခွင့်ပြုချက်အချို့ ပေးနိုင်မှုကိုစီမံရန်လည်း Family Link သုံးနိုင်သည်။

သင့်ကလေး၏အချက်အလက်များ ဆက်လက်စုဆောင်းခြင်း (သို့) သုံးခြင်းကိုရပ်ရန် ဆန္ဒရှိသည့် အချိန်မရွေး Family Link အက်ပ် (သို့) ဝဘ်ပေါ်ရှိ Family Link ဆက်တင်များ ထဲရှိ သင့်ကလေး၏ Account (သို့) ‘ပရိုဖိုင်အချက်အလက်’ စာမျက်နှာတွင် “အကောင့်ဖျက်ရန်” (သို့) “ပရိုဖိုင်ဖျက်ရန်” နှိပ်ခြင်းဖြင့် သင့်ကလေး၏ Google Account (သို့) ပရိုဖိုင်ကို ဖျက်နိုင်သည်။ သင့်လျော်သော အချိန်ကာလအတွင်း သင့်ကလေး၏အကောင့် (သို့) ပရိုဖိုင်အချက်အလက်ကို အပြီးဖျက်ပါမည်။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

သင့်ကလေး၏ Google Account (သို့) ပရိုဖိုင်နှင့်ပတ်သက်ပြီး မေးမြန်းလိုလျှင် ကျွန်ုပ်တို့ကို အချိန်မရွေးဆက်သွယ်ပါ။ ကျွန်ုပ်တို့ကူညီရန် အသင့်ရှိပါသည်။ Family Link၊ သင့်ကလေး၏ Google Account (သို့) ပရိုဖိုင်နှင့်ပတ်သက်သော နောက်ထပ်အချက်အလက်များကို ကျွန်ုပ်တို့၏ ကူညီရေးဌာန တွင် ရှာတွေ့နိုင်သည်။ Family Link (သို့) သင့်ကလေး၏ Google Account (သို့) ပရိုဖိုင်နှင့်ပတ်သက်သော အကြံပြုချက်ကို Family Link အက်ပ်ထဲရှိ ‘မီနူး ☰ > အကူအညီနှင့် အကြံပြုချက် > အကြံပြုရန်’ ကိုတို့ပြီး (သို့) ကျွန်ုပ်တို့ထံအီးမေးလ်ပို့ပြီး (သို့) အောက်ပါလိပ်စာတွင် ဆက်သွယ်ပြီး ပေးပို့နိုင်သည်။

Google
1600 Amphitheatre Parkway
Mountain View, CA 94043 USA
ဖုန်း- +၁ ၈၅၅ ၆၉၆ ၁၁၃၁ (ယူအက်စ်အေ)
အခြားနိုင်ငံများအတွက် g.co/FamilyLink/Contact တွင် ဝင်ကြည့်ရန်

Google က သင့်ကလေး၏ဒေတာကို စုဆောင်းပုံ၊ အသုံးပြုပုံနှင့် ပတ်သက်ပြီး မေးစရာများရှိလျှင် Google နှင့် ကျွန်ုပ်တို့၏ ဒေတာကာကွယ်ရေး အရာရှိ ထံ ဆက်သွယ်နိုင်သည်။ ဒေသဆိုင်ရာဥပဒေအောက်ရှိ သင့်အခွင့်အရေးများနှင့် ပတ်သက်ပြီး စိုးရိမ်ပါက သင့်ဒေသဆိုင်ရာ ဒေတာကာကွယ်ရေး အာဏာပိုင်ကို ဆက်သွယ်နိုင်ပါသည်။

အသက် ၁၃ နှစ်အောက် (သို့မဟုတ် သင့်နိုင်ငံတွင် သတ်မှတ်ထားသော အသက်) ကလေးငယ်များအတွက် Family Link ၏ ဖော်ပြချက်ကို ကြည့်ရန်

Google အက်ပ်များ
ပင်မမီနူး